ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေဆိုင်ရာ အုပ်စုဖွဲ့လိမ်လည်နေမှုများအား အထူးသတိပြုပါ

ဆိုရှယ်မီဒီယာများတွင် မက်လုံးပေး ရင်းနှီးမြှုပ်နှံစေခြင်းနှင့် ချေးငွေပေးခြင်းများပြုလုပ်ပြီး အုပ်စုဖွဲ့လိမ်လည်နေမှုများအား (အထူး) သတိပြုပါ။

လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် (Facebook, Messenger, Telegram, Viber) တို့တွင်

- “အစုရှယ်ယာများဝယ်ယူစုဆောင်းခြင်းက အကျိုးအမြတ်များစွာပြန်လည်ရရှိနိုင်သည်”

- “အတိုးနည်းနည်းဖြင့်ချေးငွေလွယ်ကူစွာရရှိနိုင်သည်” စသဖြင့် မက်လုံးပေးပြီး ငွေကြေး လိမ်လည်မှုများပြုလုပ်လာကြသည်ကို တွေ့ရှိနေရပါသည်။

အဆိုပါလိမ်လည်သူများသည် အစပိုင်းတွင် ရင်းနှီးကျွမ်းဝင်မှုရရှိရန် Customer များထံသို့ နည်းအမျိုးမျိုးဖြင့် ချဉ်းကပ်ပြီးနောက် ၎င်းတို့ကုမ္ပဏီတွင် ရှယ်ယာအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပါက အကျိုးအမြတ် ရရှိနိုင်ကြောင်းနှင့် အကျိုးအမြတ်ရရှိထားသူများပုံစံ အတုအယောင်များဖန်တီး၍ ယုံကြည်လာစေရန်ပြသခြင်း၊ အမှန်တကယ်မရှိသော ကုမ္ပဏီလိပ်စာနှင့် လုပ်ငန်းများအားပြသကာ ယုံကြည်မှုရရှိစေရန် လိုက်လံစည်းရုံးခြင်း စသည့် နည်းလမ်းများကို အသုံးပြုလေ့ရှိကြပါသည်။

Customer များမှ ယုံကြည်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ ပေးထားသောငွေများနှင့် အမြတ်ငွေများအား ပြန်လည်ထုတ်ယူရန် တောင်းဆိုသောအခါတွင်လည်း…

!! Transaction Slip (စလစ်)အတုများကိုသာ ပေးပို့ပြသခြင်း၊

!! ရင်းနှီးမြှုပ်နှံငွေအား ပြန်လည်ထုတ်ယူရန် ငွေထပ်မံလွှဲပေးဖို့လိုကြောင်းပြော၍ ငွေထပ်မံ တောင်းခံခြင်း

!! Customer များမှ ငွေထပ်မံလွှဲပေးပြီးသည်နှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း စသည့် လုပ်ရပ်များပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြပါသည်။

ထိုကဲ့သို့သော ငွေကြေးလိမ်လည်ခံရမှုများ မဖြစ်စေရန်အတွက်…

✔ အကျိုးအမြတ်များစွာ ရရှိမည်ဟု အာမခံပြောဆိုသော ရင်းနှီးမြှုပ်နှံမှုများကို လွယ်လွယ်မယုံပါနှင့်။

✔ မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမဆို တရားဝင်ဖြစ်/မဖြစ် စိစစ်စစ်ဆေးပြီးမှသာ ဆုံးဖြတ်ပါ။

✔ Social Media Group များမှတစ်ဆင့် ချေးငွေ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းလာပါက (အထူး) သတိထားပါ။

✔ Transaction Slip Screenshot တစ်ခုတည်းဖြင့် ငွေလွှဲပြီးကြောင်း မယုံကြည်ပါနှင့်။

✔ တရားဝင်ကြေညာထားသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှသာ ချေးငွေများ ရယူပါ။

မိမိကြုံတွေ့ရသောအခြေအနေတစ်ခုခုပေါ်တွင် အတည်ပြုရန်လိုအပ်ပါက KBZPay Call Center 3211 ကို အမြန်ဆုံးဆက်သွယ်မေးမြန်းနိုင်ပါသည်။