ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်း ငွေကြေးလွှဲပြောင်းမှု ဝန်ဆောင်မှုအား ရယူအသုံးပြုကြမည့်
လူပုဂ္ဂိုလ်များအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား
အတိအကျလိုက်နာကြရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ KBZPay Application မှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှု
ဝန်ဆောင်မှုအား တောင်းခံခြင်း သို့မဟုတ် ယင်းအား အသုံးပြုသူကိုယ်စား အခြားသူတစ်ဦးဦးအား
အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် အသုံးပြုသူအနေဖြင့် အခါအားလျော်စွာပြောင်းလဲနိုင်သည်ဖြစ်သော
ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကို လက်ခံအသိအမှတ်ပြုခြင်းပင်ဖြစ်သည်။

၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အောက်ဖော်ပြပါ အဓိပ္ပာယ်အသုံးအနှုန်းများသည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဤနေရာတွင်
ရည်ညွှန်းထားသော မည်သည့်စာရွက်စာတမ်းကိုမဆို အသုံးပြုသောအခါတွင် အောက်ပါအတိုင်း
အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်သည်-
၁၊၁၊၊ “Account” ဆိုသည်မှာ အသုံးပြုသူများအား ဘဏ်တွင် ငွေသားများ သိမ်းဆည်းထားရှိနိုင်စေရန်
ဘဏ်နှင့်ပြုလုပ်သည့် အစီအစဉ်တစ်ရပ်တစ်ခုကို ဆိုလိုပါသည်။
၁၊၂။ “အလုပ်ဖွင့်ရက်” ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက်
သို့မဟုတ် ဘဏ် ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။
၁၊၃။ “ ကိုယ်စားလှယ်” ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ ကိုယ်စား ဘဏ်လုပ်ငန်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသကို
ကမ္ဘောဇဘဏ်နှင့် သဘောတူညီချက်ရယူကာ လုပ်ဆောင်သည့် ကြားခံဝန်ဆောင်မှု ပေးသူတစ်ဦးဟု ဆိုလိုပါသည်။
၁၊၄။ “ သဘောတူညီချက်” ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသည့် အသုံးပြုသူ စာရင်းသွင်းမှု
ပုံစံအပါအဝင် ဤစည်းကမ်းသတ်မှတ်ချက်များဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ညွှန်ကြားချက်နှင့်အညီ
အခါအားလျော်စွာ ပြောင်းလဲမည် ဖြစ်ပါသည်။
၁၊၅။ “ဗဟိုဘဏ်” ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုလိုသည်။
၁၊၆။ “E-Money” ဆိုသည်မှာ ‘အီလက်ထရောနစ်ငွေကြေး’ ဖြစ်ပြီး မြန်မာကျပ်ငွေအားဖြင့်
အသုံးပြုသူများ၊ ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် ကမ္ဘောဇဘဏ်တွင် ထားရှိသည့် မိုဘိုင်းငွေကြေး ဖြစ်ပါသည်။

၁၊၇။ “ အခကြေးငွေ” ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ထားသော ဝန်ဆောင်မှုအသုံးပြုမှုအတွက်
ကောက်ခံသည့် အခကြေးငွေ၊ ကောက်ခံမှုအားလုံးကို ဆိုလိုပြီး အခကြေးငွေဇယားတွင်
ထည့်သွင်းဖော်ပြထားပါသည်။
၁၊၈။ “စာရင်းသေစာရင်း” ဆိုသည်မှာ အသုံးပြုသူသည် နှစ်ဆယ့်လေး (၂၄) လနှင့်အထက် ကာလအတွင်း
မည်သည့်ငွေသွင်း/ငွေထုတ်ခြင်းကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် အသုံးပြုသူများ၏ KBZPay Account ကို
စာရင်းသေစာရင်း (Inactive Account) အဖြစ် သတ်မှတ်မည်ဖြစ်သည် ဆိုလိုသည်မှာ အသုံးပြုသူသည် ၎င်း၏
KBZPay Account အား အသုံးပြုခြင်းနှင့် Transaction ပြုလုပ်ခြင်းအား
ဆက်လက်လုပ်ဆောင်နိုင်တော့မည်မဟုတ်ပါ။
၁၊၉။ “ကမ္ဘောဇဘဏ်” ဆိုသည်မှာ အနာဂတ်တွင် ကမ္ဘောဇဘဏ်ကထူထောင်မည့်
မည်သည့်ဘဏ်ခွဲမဆိုအပါအဝင် ကမ္ဘောဇဘဏ် လီမိတက် နှင့် ကမ္ဘောဇဘဏ်၏ဘဏ်ခွဲအားလုံးကိုဆိုလိုသည်။
၁၊၁၀။ “KBZPay” ဆိုသည်မှာ KBZPay Application နှင့် ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသည်
ကိုယ်စားလှယ်များမှတစ်ဆင့် KBZPay အသုံးပြုသူများအား ကမ္ဘောဇဘဏ်မှကမ်းလှမ်းသော Mobile Financial
Services များအားဆိုလိုခြင်းဖြစ်သည်။
၁၊၁၁။ “KYC” ဆိုသည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့်/သို့ အခြား အခွင့်အာဏာပိုင်များမှ
အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော “သင်၏ ဖောက်သည်ကို သိပါ” ဟူသော မှတ်ပုံတင်ရန် လိုအပ်ချက်များကို
ဆိုလိုသည်။
၁၊၁၂။ “ကုန်သည်” ဆိုသည်မှာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနှင့် ငွေပေးချေမှုများအတွက် မိုဘိုင်းငွေကြေးကို
လက်ခံသူများ အွန်လိုင်းကုန်ပစ္စည်း ရောင်းချသူများအပါအဝင် ကို ဆိုလိုပါသည်။
၁၊၁၃။ “ မိုဘိုင်း ဘဏ္ဍာရေး ဝန်ဆောင်မှု Account သို့မဟုတ် MFS Account” ဆိုသည်မှာ ဝန်ဆောင်မှုနှင့်
ပတ်သက်၍ Transaction ပြုလုပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်မှ ပေးအပ်ထားသည့် သိမ်းဆည်းမှု
တန်ဖိုးတစ်ခုဖြစ်သည်။
၁၊၁၄။ “မြန်မာကျပ်” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း
တရားဝင်လှည့်ပတ်သုံးစွဲနေသည့် ငွေကြေးစနစ်ကို ဆိုလိုသည်။

၁၊၁၅။ “ ကွန်ယက်ဝန်ဆောင်မှုပေးသူ” ဆိုသည်မှာ KBZPay အသုံးပြုသူများနှင့် ကမ္ဘောဇဘဏ်တို့အကြား
ချိတ်ဆက်၍ ငွေကြေးလွှဲပြောင်းပေးပို့မှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်ရေးနှင့် ဒေတာကွန်ယက် ဝန်ဆောင်မှုပေးသည့်
ဆက်သွယ်ရေးနှင့် ဒေတာ ဝန်ဆောင်မှုပေးသူများကို ဆိုလိုပါသည်။
၁၊၁၆။ “ Non-registered Services/Over-The-Counter (OTC)” ဆိုသည်မှာ အသုံးပြုသူအနေဖြင့်
စာရင်းသွင်းးစရာမလိုအပ်သည့် ကမ္ဘောဇဘဏ်မှ ပေးအပ်သည့် ဝန်ဆောင်မှုကို ဆိုလိုပါသည်။
၁၊၁၇။ “ ငွေလက်ခံသူ” ဆိုသည်မှာ ငွေလက်ခံမည့်သူအား ဆိုလိုသည်။
၁၊၁၈။ “ PIN နံပါတ် သို့မဟုတ် Identity နံပါတ်” ဆိုသည်မှာ Transaction များကို စစ်ဆေးရန်နှင့်
အတည်ပြုနိုင်ရန် အသုံးပြုသူမှ သတ်မှတ်ထားသော ဂဏန်းများဖြင့် တည်ဆောက်ထားသည့် စကားဝှက်ဖြစ်သည်။
၁၊၁၉။ “ POS/Agent သို့မဟုတ် Point-of-Sale/Agent” ဆိုသည်မှာ KBZPay ကိုယ်စား အသုံးပြုသူများထံသို့
တိုက်ရိုက်ဝန်ဆောင်မှုပေးရန် ကမ္ဘောဇဘဏ် နှင့် အေးဂျင်စီ စာချုပ်ချုပ်ဆိုထားသည့် လူပုဂ္ဂိုလ် သို့မဟုတ်
အဖွဲ့အစည်းကိုဆိုလိုပါသည်။
၁၊၂၀။ “အခကြေးငွေဇယား” ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင်သည့်
နှင့် ပြောင်းလဲ ထုတ်ပြန်နိုင်သည့် ပမာဏကန့်သတ်ချက်နှင့် အခကြေးငွေ ဖော်ပြပါရှိသော စာရွက်စာတမ်း
ကိုဆိုလိုခြင်းဖြစ်သည်။
၁၊၂၁။ “ဝန်ဆောင်မှု” ဆိုသည်မှာ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများဖြစ်ပြီး အထူးသဖြင့် အီလက်ထရောနစ်
terminal များအပါအဝင် မိုဘိုင်းနည်းပညာ အခြေခံအဆောက်အဦများကို အသုံးပြုခြင်းမှတဆင့် ဘဏ္ဍာရေး
ဝန်ဆောင်မှုများ၊ ငွေပေးခြေမှုများကို ပေးအပ်ခြင်း ဖြစ်သည်။
၁၊၂၂။ “SIM” ဆိုသည်မှာ Subscriber Identity Module ဖြစ်ပြီး မိုဘိုင်းကွန်ယက်ပေါ်တွင် အသုံးပြုသူအား
သုံးစွဲခွင့်ပေးသည့် microchip သုံး စက်ကိရိယာတစ်ခုဖြစ်ပါသည်။
၁၊၂၃။ “SMS” ဆိုသည်မှာ စာတိုပို့စနစ်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်းများအကြား စာတိုများ အပြန်အလှန်
ပေးပို့နိုင်သည့် ဆက်သွယ်ရေး နည်းပညာတစ်ခု ဖြစ်ပါသည်။
၁၊၂၄။ “Transaction” ဆိုသည်မှာ လက်ကိုင်ဖုန်းကို အသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊
ပြည်တွင်း/နိုင်ငံတကာသို့ ငွေလွှဲခြင်း၊ ငွေပေးချေမှု ပြုလုပ်ခြင်း၊ ကုန်သည် ငွေပေးချေမှု ပြုလုပ်ခြင်း၊ ငွေစာရင်း
စစ်ဆေးခြင်း အစရှိသည်တို့ အပါအဝင် ယင်းတို့သာဖြစ်သည်ဟု ကန့်သတ်ထားခြင်း မရှိသော ဘဏ္ဍာရေး ဆိုင်ရာ သို့
ဘဏ္ဍာရေးနှင့် သက်ဆိုင်ခြင်း မရှိသော စီးပွားရေး လုပ်ဆောင်မှုများ ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

၁၊၂၅။ “ အသုံးပြုသူ သို့မဟုတ် Customer” ဆိုသည်မှာ ကမ္ဘောဇဘဏ်၏ KBZPay ကို အသုံးပြုသည့်
သုံးစွဲသူများကို ဆိုလိုပါသည်။
၁၊၂၆။ “ အတည်ပြုကုဒ်” ဆိုသည်မှာ အသုံးပြုသူများမှ KBZPay Application ကို ဖွင့်သည့်အခါ
အတည်ပြုကုတ် ပေးပို့ပါကို နှိပ်ပါက စာရင်းသွင်းမည့်ဖုန်းထံသို့ SMS ဖြင့်ရောက်ရှိလာမည့် ဂဏန်း ၆ လုံးဖြစ်ပြီး
Application တွင် ထည့်သွင်းအတည်ပြုရမည် ဖြစ်ပါသည်။

၂။ ဝန်ဆောင်မှုဆိုင်ရာ ရှင်းလင်းဖော်ပြချက်များ
၂၊၁။ ဝန်ဆောင်မှု အကျဉ်းချုပ် ဖော်ပြချက်
KBZPay ၏ ရည်ရွယ်ချက်မှာ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော ကိုယ်စားလှယ်များမှ တစ်ဆင့်
အသုံပြုသူများထံ ကိုယ်စားလှယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်သည်။ KBZPay အသုံးပြုသူသည်
ယင်း၏ လက်ကိုင်ဖုန်း နှင့်/သို့ ကမ္ဘောဇဘဏ်မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့်
ငွေကြေးဝန်ဆောင်မှုများ ပြုလုပ်ရယူနိုင်မည် ဖြစ်သည်။
၂၊၂။ လုပ်ငန်းအဆင့်များ၏ နယ်ပယ် သတ်မှတ်ချက်
ဤစည်းမျဉ်းသတ်မှတ်ချက်များ၏ သတ်မှတ်ချက်အောက်တွင် KBZPay သည် အသုံးပြုသူများထံ အောက်ပါ
ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်မည် ဖြစ်သည်။
၂၊၃။ Account အမျိုးအစားများ
KBZPay သည် အောက်ပါ Account အမျိုးအစား ၃မျိုးကို ဝန်ဆောင်မှုပေးနေပါသည်။
၂၊၃၊၁။ အဆင့် ၁ – Customer Account – Customer အနေဖြင့် ယင်း၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် KBZPay
အသုံးပြုရန် ကိုယ်တိုင် စာရင်းသွင်းနိုင်သည်။
၂၊၃၊၂။ အဆင့် ၁.၅ – Customer Account: Customer သည်ဤ Account အမျိုးအစားကို ကမ္ဘောဇဘဏ် KYC
မူဝါဒနှင့် အညီ ကိုယ်တိုင်အဆင့်မြှင့်တင်နိုင်သည်။
၂၊၃၊၃။ အဆင့် ၂ – Customer Account – Customerသည် ဤ Account အမျိုးအစားကို ကမ္ဘောဇဘဏ်မှ
ခန့်အပ်ထားသော ကိုယ်စားလှယ်များသို့ ကမ္ဘောဇဘဏ်ခွဲများတွင် နှင့်/သို့ ကမ္ဘောဇဘဏ်မှ အတည်ပြုပေးထားသော
အခြား ကိုယ်စားလှယ်များထံတွင် ကမ္ဘောဇဘဏ် KYC မူဝါဒနှင့် အညီ အဆင့်မြှင့်တင်နိုင်သည်။

၂၊၃၊၄။ အဆင့် ၁၊ အဆင့်၁.၅နှင့် အဆင့် ၂ (EA မှတဆင့် အပါအဝင်) အသုံးပြုသူများအားလုံးအနေဖြင့်
စာရင်းသွင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် အောက်တွင်ဖော်ပြထားသည့် အချက်အလက်များ
(မှတ်ပုံတင်ခြင်းဆိုင်ရာ အသုံးပြုသူ၏အချက်အလက်များ) အား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်သည်။
၂၊၃၊၄၊၁။ အသုံးပြုသူ၏အမည်၊
၂၊၃၊၄၊၂။ စာရင်းသွင်းမည့်ဖုန်းနံပါတ်၊
၂၊၃၊၄၊၃။ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်ကတ်) သို့ သက်တမ်းရှိသည် နိုင်ငံကူးလက်မှတ် သို့
ယာဉ်‌မောင်းလိုင်စင်၊
၂၊၃၊၄၊၄။ ကျား/မအမျိုးအစား၊
၂၊၃၊၄၊၅။ မွေးသက္ကရာဇ်၊
၂၊၃၊၄၊၆။ လူမျိုး
၂၊၃၊၄၊၇။ ပြည်နယ်/တိုင်းဒေသကြီး၊
၂၊၃၊၄၊၈။ မြို့နယ်၊
၂၊၃၊၄၊၉။ မြို့၊
၂၊၃၊၄၊၁၀။ နေရပ်လိပ်စာ၊
၂၊၃၊၄၊၁၁။ အလုပ်အကိုင်၊
၂၊၃၊၄၊၁၂။ အီးမေးလ်လိပ်စာ။
၂၊၃၊၅။ KBZPay အဆင့် ၁.၅ နှင့် အဆင့် ၂ အသုံးပြုသူ Accountများ- အသုံးပြုသူသည် KBZPay Application ရှိ
ကန့်သတ်ချက်များနှင့် အခကြေးငွေဇယားတွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များနှင့်အညီ KBZPay Accountကို
ကမ္ဘောဇဘဏ် Accountနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ အသုံးပြုသူသည် ၎င်း၏ ပြည့်စုံမှုနှင့် တိကျမှုကို
သေချာစေရန် မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို အချိန်တိုင်းတွင် အသုံးပြုသူ၏
နောက်ဆုံးအချက်အလက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းအသုံးပြုသူကအသဘောတူပါသည်။

၂၊၄။ Transaction အမျိုးအစားမျာ
KBZPay အသုံးပြုသူများ အနေဖြင့် အောက်ပါ ဝန်ဆောင်မှု အမျိုးအစားများကို အသုံးပြု ဆောင်ရွက်နိုင်မည်
ဖြစ်သည်။

၂၊၄၊၁။ ငွေသွင်းခြင်း
၂၊၄၊၁။ ငွေထုတ်ခြင်း
၂၊၄၊၂။ KBZPay Account, ကမ္ဘောဇဘဏ် Account များ နှင့် အခြား Account များ သို့/မှ ငွေလွှဲခြင်း
၂၊၄၊၃။ ငွေပေးချေခြင်း
၂၊၄၊၅။ အရောင်းကုန်ဆိုင်သို့ ငွေပေးချေခြင်း
၂၊၄၊၆။ ဖုန်းငွေဖြည့်ခြင်း
၃။ အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့၏ တာဝန်ဝတ္တရားများ
၃၊၁။ ကမ္ဘောဇဘဏ်၏ တာဝန်ဝတ္တရားများ
၃၊၁၊၁။ ကမ္ဘောဇဘဏ်သည် ဘဏ်၏ ထိန်းချုပ်နိုင်စွမ်း မရှိသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့်
ဖြစ်ပွားသော ဝန်ဆောင်မှု ပြတ်တောက်ခြင်းများမှ လွဲ၍ ကျန်ရှိသော အချိန်တိုင်းတွင် အသုံးပြုသူမှ KBZPay
ဝန်ဆောင်မှုအား အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပါမည်။
၃၊၁၊၂။ ငွေကြေးခဝါချခြင်းအား တားဆီးခြင်း၊ အကြမ်းဖက်မှုများ၏ ဘဏ္ဍာရေးအား တန်ပြန်ခြင်း သို့
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားသော အာဏာပိုင်များမှ ပိတ်ပင်ထားသော ငွေစာရင်းများသို့ ငွေလွှဲခြင်း
အစရှိသော လုပ်ရပ်များအား တားဆီးရန် ရေးဆွဲထားသော ဥပဒေများ အပါအဝင် အခြားသော ဥပဒေများကို
ဖောက်ဖျက်ရန်အတွက် အသုံးပြုသူသည် KBZPay ဝန်ဆောင်မှုကို အသုံးပြုနေခြင်း မရှိကြောင်း သေချာစေနိုင်မည့်
လိုအပ်သော ထပ်ပေါင်းအချက်အလက်များကို ရရှိအောင် ကမ္ဘောဇဘဏ်မှ လုပ်ဆောင်ခွင့်ရှိသည်။
၃၊၁၊၃။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူအား ပေးအပ်ထားသော ဝန်ဆောင်မှုများကို လွတ်လပ်စွာ
ထပ်ပေါင်းခြင်း၊ ပြောင်းလဲခြင်းနှင့် ရွှေ့ဆိုင်းခြင်း လုပ်ဆောင်ခွင့်ရှိသည်။
၃၊၁၊၄။ ကမ္ဘောဇဘဏ်သည် KBZPay ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများနှင့်
Transaction ပမာဏ ကန့်သတ်မှုများကို သတ်မှတ်နိုင်ပြီး သတ်မှတ်ထားသော နှုန်းထားများဖြင့် ကောက်ခံသွားမည်
ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် မည်သည့်အခကြေးငွေ၊ ကောက်ခံမှုများ၊ ကော်မရှင်ကြေးနှင့် Transaction ပမာဏ
ကန့်သတ်မှုများကို မည်သည့်အချိန်တွင်မဆို မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကြိုတင်အကြောင်းကြားချက်မရှိဘဲ
ကမ္ဘောဇဘဏ်၏ တစ်ဉီးတည်း ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာ ပြင်ဆင်ပြောင်းလဲ ပိုင်ခွင့်ရှိသည်။

၃၊၁၊၅။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ္ဘောဇဘဏ်မှ
သတ်မှတ်ထားသည့် နေ့စဉ် သို့ လစဉ် ကန့်သတ်မှု စုစုပေါင်း Transaction ပမာဏများထက် အသုံးပြုသူ သည်
ကျော်လွန်ခြင်း မရှိစေရ။ ကမ္ဘောဇဘဏ်သည် သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်သော Transaction
များကို တားဆီးခြင်း (သို့) Transaction ကန့်သတ်မှုကို ကျော်လွန်သော မည်သည့် Transaction အတွက်မဆို
Account ပိတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
၃၊၁၊၆။ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူမှ KBZPay Application
အသုံးပြုရန် လျှောက်ထားခြင်း ငြင်းပယ်ခြင်း သို့မဟုတ် အသုံးပြုသူအား ဝန်ဆောင်မှုပေးနေခြင်းအား
ရပ်ဆိုင်းခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိသည်။
၃၊၁၊၇။ အကယ်၍ Customer သည် KBZPay Account သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်၏
ညွှန်ကြားချက်များကို မလိုက်နာပါက သို့မဟုတ် Customer သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို
သော်လည်းကောင်း သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုသော်လည်းကောင်း လိုက်နာခြင်းမရှိပါက
ကမ္ဘောဇဘဏ်သည် Customer အား အသိပေးခြင်းမပြုပါဘဲ Customer ၏ KBZPay Account နှင့်
ဝန်ဆောင်မှုများအား ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းတို့ပြုလုပ်နိုင်သည်။
၃၊၁၊၈။ ကမ္ဘောဇဘဏ်သည် အာဏာပိုင်များက အခါအားလျော်စွာ ချမှတ်ထားသော စည်းမျဉ်းများ သို့မဟုတ်
လုပ်ထုံးလုပ်နည်းများနှင့်အညီ KBZPay Accountနှင့် ဝန်ဆောင်မှုပေးခြင်းကို ခေတ္တရပ်ဆိုင်းခြင်း သို့မဟုတ်
ရပ်စဲပိုင်ခွင့်ရှိမည်ဖြစ်သည်။

၃၊၂။ အသုံးပြုသူ၏ တာဝန်ဝတ္တရားများ
၃၊၂၊၁။ အသုံးပြုသူသည် အမျိုးသားမှတ်ပုံတင်ကဒ် (NRC) သို့မဟုတ် နိုင်ငံကူးလက်မှတ်တွင်
ဖော်ပြထားသည့်အတိုင်း ကိုယ်ပိုင်တရားဝင်အမည်အပြည့်အစုံဖြင့် KBZPay မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်။
၃၊၂၊၂။ KBZPay အပြာရောင် Application အသုံးပြုမှုသည် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များအတွက်သာ
အသုံးပြုရမည်ဖြစ်ပြီး အခြားရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
လူပုဂ္ဂိုလ်အမည်ဖြည့်စွက်ရမည့်နေရာတွင် (KBZPay အဆင့် ၁ အသုံးပြုသူ အပါအဝင်)
လူပုဂ္ဂိုလ်အမည်မဟုတ်သော အမည်နာမများကို ဖြည့်စွက်ထားပါက ထိုဖြည့်စွက်ထားသော အသုံးပြုသူ၏ KBZPay
အပြာရောင် Application အသုံးပြုခွင့်အား ကမ္ဘောဇဘဏ်မှ ငြင်းပယ်မည်ဖြစ်သည်။

၃၊၂၊၃။ KBZPay မှတ်ပုံတင်ခြင်းကိုပြုလုပ်ရာတွင် အသုံးပြုသူမှ ပေးသော စာရွက်စာတမ်းများနှင့်
အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအားလုံးသည် မှန်ကန်၊ တိကျပြီး အသုံးပြုသူ၏
နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသော အချက်အလက်များဖြစ်ကြောင်း အသုံးပြုသူမှ ဝန်ခံကတိပြုပါသည်။
၃၊၂၊၄။ အကယ်၍ အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပြောင်းလဲခြင်း သို့ KYC လိုအပ်ချက်များ သို့
အခြား တရားရေး/ဥပဒေကြောင်းလမ်း လိုအပ်ချက်များအရ ကမ္ဘောဇဘဏ်မှ တောင်းခံမှုများ ပြုလုပ်လာပါက
အသုံးပြုသူမှ အသစ်ပြင်ဆင်ထားသော ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် အခြားသော ပူးတွဲပါအထောက်အထား
စာရွက်စာတမ်းများ ပေးရမည် ဖြစ်သည်။
၃၊၂၊၅။ အသုံးပြုသူများမှ လက်ရှိအသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ပြောင်းလဲလိုခြင်း (သို့) KBZPay
Account နှင့် ပတ်သက်သော ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်းအတွက်
မိမိကိုယ်တိုင်ပြောင်းလဲခွင့်အားပေးရန် တောင်းဆိုသည့် မည်သည့် တောင်းဆိုမှု များကိုမဆို ခွင့်ပြုပေးမည်မဟုတ်ပါ။
အသုံးပြုသူများသည် KBZPay Call Center သို့ ဆက်သွယ်ပြီး လိုအပ်သည့် ညွှန်ကြားချက်များအတိုင်း
လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။
၃၊၂၊၆။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူများကို ယင်းတို့၏ တစ်မျိုးတည်းသာ ရှိသော လက်ကိုင်ဖုန်း
နံပါတ်များနှင့် လျှို့ဝှက် PIN နံပါတ် တို့ဖြင့် ခွဲခြားသတ်မှတ်မှု ပြုပါသည်။ Transaction များ အားလုံးသည်
လက်ကိုင်ဖုန်း နံပါတ်ဖြင့်သာ စတင်ရသည် ဖြစ်ပြီး Transaction များကို အသုံးပြုသူက ပြုလုပ်သည်ဟု
အတည်ပြုပြီး ဖြစ်သည်။ အကယ်၍ အသုံးပြုသူ၏ Transaction PIN/OTP နံပါတ်ရရှိပြီး လက်ကိုင်ဖုန်းနံပါတ်နှင့်
မှတ်ပုံတင်ထားသော KBZPay Account အား ဝင်ရောက်အသုံးပြုနိုင်ခွင့် ရရှိခဲ့ပါက ထို Transaction များသည်
အသုံးပြုသူ ကိုယ်တိုင် (သို့) ၎င်း၏ အခွင့်ရသူ ပုဂ္ဂိုလ်တစ်ဦးဦးမှ အသုံးပြုခြင်း ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
အသုံးပြုသူမှ အတည်ပြုပြီး ဖြစ်သော Transaction တစ်ခုသည် လုပ်ငန်းပြီးမြောက်ပါက ကမ္ဘောဇဘဏ်မှ ပြန်လည်
ပြင်ဆင် ဆောင်ရွက်ပေးမည် မဟုတ်ပါ။
၃၊၂၊၇၊။ အသုံးပြုသူသည် Transaction PIN/OTP အား လျှိုဝှက်ထားရန် လိုအပ်ပြီး လုံခြုံမှုနှင့်မသမာသူများရန်မှ
ကာကွယ်ရန်အတွက်အသုံးပြုသူတစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။ အသုံးပြုသူသည် Transaction PIN/ OTP
များအား ထုတ်ဖော်ပြောကြားခြင်းကြောင့်သော်လည်းကောင်း၊ တစ်စုံတစ်ဦးမှ တရားမဝင် အသုံးပြုခြင်းကြောင့်
သော်လည်းကောင်း၊ မိမိအကောင့်အား လုံခြုံစွာမထိန်းသိမ်းခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသည့်
မည်သည့်အကျိုးဆက်မဆို အသုံးပြုသူ၏ တာဝန်သာဖြစ်သည်။

၃၊၂၊၈။ အသုံးပြုသူသည် အသုံးပြုနေသော လျှို့ဝှက် PIN နံပါတ်အား ကမ္ဘောဇဘဏ်ကို ကိုယ်စားပြုသည်ဟု
ဆိုသူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ခြင်း မပြုလုပ်ရ။ အသုံးပြုသူသည်
ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူထံမှ သင်၏ လျှို့ဝှက် PIN နံပါတ် ကို မည်သည့်အခါမျှ တောင်းခံမည်
မဟုတ်ကြောင်းနှင့် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသည် အသုံးပြုသူ၏ လျှို့ဝှက် PIN နံပါတ် ကို အသုံးပြုသူအား
မေးမြန်းမည်မဟုတ်ကြောင်း အသုံးပြုသူမှ သိရှိပြီးဖြစ်ပါသည်။
၃၊၂၊၉။ အခြားသောငွေကြေးဝန်ဆောင်မှုစနစ်များနှင့် KBZPay Account အား အသုံးပြု၍
အခြားပုဂ္ဂိုလ်တစ်ဦးဦးနှင့် ငွေလဲလှယ်မှုများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ သို့မဟုတ်
ပြန်လည်ရုပ်သိမ်းခြင်းတို့အတွက် ကုစားပေးရန် ကမ္ဘောဇဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။
၃၊၂၊၁၀။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များနှင့် ငွေစာရင်းဆိုင်ရာ
သတင်းအချက်အလက်များအား တရားရုံးနှင့် အစိုးရအာဏာပိုင်များထံ ပေးရန်လိုအပ်လာပါက ပေးပိုင်ခွင့်ရှိကြောင်း
အသုံးပြုသူမှ သိရှိသဘောတူ ပါသည်။
၃၊၂၊၁၁။ Transaction အား ပြုလုပ်ခြင်းမပြုမှီ တဖက်မှငွေလက်ခံရရှိမည့်သူ၏ အချက်အလက်များကို
အသုံးပြုသူအနေဖြင့် သေချာစွာစစ်ဆေးရန်လိုအပ်ပြီး ငွေသွင်းငွေထုတ်၊ ငွေလွှဲ၊ငွေပေးချေခြင်းနှင့်ပတ်သက်သည့်
အမှားအယွင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့်ဆုံးရှုံးမှု(သို့) နစ်နာမှုအတွက်မဆို ကမ္ဘောဇဘဏ်တွင်
တာဝန်ရှိမည်မဟုတ်ပါ။
၃၊၂၊၁၂။ အခွင့်မရှိသော Transaction များဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန်အတွက် အသုံးပြုသူသည် ၄င်း၏
လက်ကိုင်ဖုန်း (သို့) SIM ခိုးယူခံရခြင်း/ပျောက်ဆုံးခြင်းများ ဖြစ်ပွားပါက ကမ္ဘောဇဘဏ်မှ အသုံးပြုသူ၏ KBZPay
Account အား ယာယီပိတ်ပင်နိုင်ရန်အတွက် အသုံးပြုသူမှ ကမ္ဘောဇဘဏ်ထံ ချက်ချင်းအကြောင်းကြားရပါမည်။
၃၊၂၊၁၃။ အသုံးပြုသူ၏ KBZPay Accountကို အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ မည်သည့်
အချက်ကိုမဆို ပြုမူခြင်း/လုပ်ဆောင်ခြင်းများအတွက်ဟုသာ ကန့်သတ်ထားခြင်းမရှိဘဲ ယင်းတို့အပါအဝင်
အသုံးပြုသူ၏ KBZPay Accountကို အသုံးပြုခြင်းအား KBZPay မှ ခွင့်မပြုပါ။
၃၊၂၊၁၃၊၁။ KBZPay အား မှားယွင်းသော၊ မမှန်ကန်သော၊ သို့မဟုတ် အထင်အမြင် လွဲမှားစေသော
အချက်အလက်များပေးခြင်း၊
၃၊၂၊၁၃၊၂။ တရားမဝင်သောလုပ်ဆောင်မှုများအတွက် အသုံးပြုသူ၏ KBZPay ကိုအသုံးပြုခြင်း၊

၃၊၂၊၁၃၊၃။ KBZPay အား တိုင်ကြားမှုများ၊ အငြင်းပွားမှုများ၊ တောင်းခံမှုများ၊ ပြစ်ဒဏ်များ သို့မဟုတ်
ကမ္ဘောဇဘဏ်အား အခြားတာဝန်မှုများ ဖြစ်ပေါ်လာနိုင်သည့် နည်းလမ်းဖြင့် KBZPay ကို အသုံးပြုခြင်း၊
အခြားအသုံးပြုသူများ၊ သို့မဟုတ် အခြားတတိယပါတီဝင်များ သို့မဟုတ် အလွဲသုံးစားမှုအဖြစ်မှတ်ယူနိုင်သည့်
ကိစ္စရပ်များအတွက် အသုံးပြုခြင်း သို့မဟုတ် အခြားတတိယပါတီဝင်များမှပေးသော မည်သည့်ဝန်ဆောင်မှုကိုမဆို
ချိုးဖောက်ခြင်း နှင့် အသုံးပြုသူမှ ၎င်း၏ KBZPay Accountအား မသမာသော ငွေကြေးထောက်ပံ့မှု
ပြုနိုင်ရန်အတွက် (သို့မဟုတ် အသုံးပြုသူ၏ KBZPay Account မှ ငွေထုတ်ယူရန်) အသုံးပြုသူမှ ၎င်း၏ KBZPay
Accountအား အသုံးပြုခြင်း။ သို့မဟုတ်
၃၊၂၊၁၃၊၄။ ဤစည်းမျဥ်းစည်းကမ်းများ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် စည်းမျဉ်းများကို ချိုးဖောက်ခြင်း။
၃၊၂၊၁၄။ အသုံးပြုသူမှ ၎င်း၏ KBZPay Account အား အခွင့်မရှိဝင်ရောက်ခြင်း သို့မဟုတ် သံသယဖြစ်ဖွယ်
အသုံးပြုခြင်းများအပါအဝင် လိမ်လည်မှုများလုပ်ဆောင်နေသည်ဟု ယုံကြည်နိုင်ရန် လုံလောက်သော
အကြောင်းပြချက် ရှိပါက ထိူအဖြစ်အပျက်ကို သတင်းပို့ရန် KBZPay Call Center သို့ခေါ်ဆို၍ ချက်ချင်း
အကြောင်းကြားရန် လိုအပ်ပါသည်။
၃၊၂၊၁၅။ ကမ္ဘောဇဘဏ်၏တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးပြီးနောက် လိုအပ်နေသည့်
သတင်းအချက်အလက်များအား ရရှိနိုင်ရန်အတွက် အသုံးပြုသူမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်အနေဖြင့် စုံစမ်းစစ်ဆေးသည့် နောက်ဆုံးရလဒ်အခြေအနေများကို အသုံးပြုသူအား
သက်ဆိုင်ရာဌာနမှတစ်ဆင့် အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။
၃၊၂၊၁၆။ အသုံးပြုသူအား လိမ်လည်မှုတွင်ပါဝင်ပတ်သက်နေသူအဖြစ် သံသယဖြစ်ဖွယ်ကိစ္စရပ်များ
ပေါ်ပေါက်လာပါက အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ စုံစမ်းစစ်ဆေးခြင်းတွင် သင့်လျော်သောပုဂ္ဂိုလ်များနှင့်အတူ
ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်သည်။ အသုံးပြုသူသည် ထိုလိမ်လည်မှုတွင် မိမိအနေဖြင့်
ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသည်ကို ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် တင်ပြနိုင်ရမည်။ ထိုကဲ့သို့
တင်ပြနိုင်ခြင်းမရှိခဲ့ပါက ကမ္ဘောဇဘဏ်၏ ဆုံးဖြတ်ချက်အတိုင်း အသုံးပြုသူမှ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။
၃၊၂၊၁၇။ အသုံးပြုသူ အနေဖြင့် လိမ်လည်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး/အကြမ်းဖက်မှုများ၏
ဘဏ္ဍာရေး တိုက်ဖျက်မှု သို့ အခြားသော မြန်မာနိုင်ငံ၏ ဥပဒေကြောင်းများအရ လိုက်နာဆောင်ရွက်ရန်အတွက်
ကမ္ဘောဇဘဏ်မှ ဆောင်ရွက်နိုင်ရန် လိုအပ်သော အချက်အလက်များကို ပေးရန်/ထုတ်ဖော်ရန် သဘောတူညီပြီး ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ အချက်အလက်များကို ဥပဒေအရ လိုအပ်သော သက်ဆိုင်ရာ
အာဏာပိုင်များထံသို့ ထုတ်ဖော်မည် ဖြစ်သည်။
၃၊၂၊၁၈။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်အား ယင်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်နှင့် အခြားသော
အချက်အလက်များကို စုဆောင်း/အသုံးပြု/ထုတ်ဖော်ခြင်းနှင့် ထိန်ချန်ခြင်းများ ပြုလုပ်ရန်
အခွင့်အာဏာပေးအပ်ထားသည်ကို သဘောတူညီပါ သည်။ ဤဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည်
KBZPay ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို သဘောတူညီပါသည်။

၄။ လုပ်ငန်းဆောင်ရွက်ချိန်
လက်ရှိအချိန်တွင် အသုံးပြုသူအနေဖြင့် အလုပ်ဖွင့်ရက် ၂၄ နာရီပတ်လုံး transaction ပြုလုပ်နိုင်မည်ဖြစ်သည်။
သို့ရာတွင် အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့်
ထိုသတ်မှတ်အချိန်များသည် အပြောင်းအလဲဖြစ်နိုင်သည့်အတွက် အသုံးပြုသူအနေဖြင့်
အခါအားလျော်စွာစစ်ဆေးမှုပြုလုပ်ရန် သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ဝန်ဆောင်မှုများပေးရာတွင်
အသုံးပြုသည့် hardware နှင့် softwareအား အချိန်အခါအလိုက် ပြုပြင်ထိန်းသိမ်းမှုများလုပ်‌ဆောင်မည်ဖြစ်ပြီး
ထိုသို့ဆောင်ရွက်ခြင်းကြောင့် ဝန်ဆောင်မှုများ ယာယီပြတ်တောက်မှုများ ဖြစ်စေနိုင်သည်ကို အသုံးပြုသူမှ
နားလည်ပါသည်။ KBZPay နှင့်စပ်လျဉ်း၍ မည်သည့် ပြုပြင်ထိန်းသိမ်းမှုများနှင့်
ပံ့ပိုးဆောင်ရွက်မှုကိုလုပ်ဆာင်ခြင်းများအတွက်မဆို အသုံးပြုသူများအား ကမ္ဘောဇဘဏ်အနေဖြင့်
မည်သည့်တာဝန်မျှမရှိကြောင်း အသုံးပြုသူမှ သိရှိသဘောတူပါသည်။
၅။ DIRECT DEBIT ဆိုင်ရာ ခွင့်ပြုချက်
ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းစဉ်များအရ အသုံးပြုသူမှ KBZPay အား ရယူခြင်းနှင့်
အသုံးပြုခြင်းတို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် မည်သည့်အငြင်းပွားမှုအတွက်မဆို အသုံးပြုသူ၏
ဘဏ်ငွေစာရင်းမှ သက်ဆိုင်ရာ ပမာဏကို ကမ္ဘောဇဘဏ်လီမိတက်အား နုတ်ယူဖြတ်တောက် ခွင့်ပြုကြောင်း
အသုံးပြုသူမှ သဘောတူပြီးဖြစ်သည်။ ထို့အပြင် အသုံးပြုသူ၏ Account မှ ငွေသားပမာဏ လုံလောက်စွာ မရှိသည့်
အငြင်းပွားမှုမျိုးပေါ်ပေါက်လာပါက အဆိုပါပမာဏ သို့မဟုတ် အခြားသက်ဆိုင်ရာ ပမာဏကို မြီစားပြုရန်
အသုံးပြုသူအနေဖြင့် ခွင့်ပြုပါသည်။

၆။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ
ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တာရာယ်၊ စစ်ဖြစ်ပွားမှု၊
ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်ခြင်း၊ ရေကြီးခြင်း၊
မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့်ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊
ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊
စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောမလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှု
မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက်
ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ်လာရသည့် မည်သည့်လုပ်ငန်း
ဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်း များအတွက်မဆို ကမ္ဘောဇဘဏ်တွင်
တာဝန်မရှိကြောင်းကို အသုံးပြုသူသည် နားလည်သဘောတူပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သော
အခြေအနေများကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီးဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ
ကြုံတွေ့နေရသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့် အချိန်အထိ
ကမ္ဘောဇဘဏ်က ပေးနေသည့် ဤဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများ
ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော
တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက်
ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင်
ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု
မှတ်ယူခြင်းမရှိစေရပါ။

၇။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ
၇၊၁။ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ နှင့်သဘောတူညီချက်ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့
ပါဝင်သည့် transaction များပြုလုပ်ခြင်းများမှ ကမ္ဘောဇဘဏ်အား တားဆီးပိတ်ပင်မှုပြုလုပ်နိုင်သော
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားသောနိုင်ငံများ၏
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို ကမ္ဘောဇဘဏ်က လိုက်နာရပါသည်။
၇၊၂။ ကမ္ဘောဇဘဏ်သည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများအားငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး နှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့်စည်းမျဉ်းများနှင့်မဆို
ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့်သတင်းအချက်အလက်အားလုံးကို အသုံးပြုသူကပေးအပ်ရမည်။
၇၊၃။ မည်သည့် Transaction မျိုးမဆိုအတွက်မဆို ကမ္ဘောဇဏ်ကဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည်
မြန်မာနိုင်ငံ၏ ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ဥပဒေများကိုသော်လည်းကောင်း
ချိုးဖောက်မှု မရှိကြောင်း အသုံးပြုသူကထုတ်ဖော်ကြေညာပြီး တာဝန်ယူသည်။
၈။ တာဝန်ဝတ္တရား ကန့်သတ်ခြင်း
ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်း သတ်မှတ်ချက်များနှင့် လျော်ညီမှုရှိသော အစပြုပြီးသည့် ကိုယ်စားလှယ်
ဘဏ်လုပ်ငန်းဆိုင်ရာ Transaction များကို ပြီးစီးအောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။ သို့သော် ကမ္ဘောဇဘဏ်သည်
အသုံးပြုသူမှ စတင်ခဲ့ပြီး အောက်ပါအခြေအနေများဖြင့် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ကိုက်ညီနေသော
Transaction များကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက ကမ္ဘောဇဘဏ်တွင် တာဝန်မရှိပေ။
၈၊၁။ ငွေပေးချေမှု ပြုလုပ်ရန် အသုံးပြုသူ၏ Account တွင် ငွေလက်ကျန် အလုံအလောက် မရှိခြင်း၊
၈၊၂။ ကိုယ်စားလှယ် ဘဏ်လုပ်ငန်းဝန်ဆောင်မှု၊ ဆက်သွယ်ရေး ကြိုးလိုင်း၊ လက်ကိုင်ဆက်သွယ်ရေး ကိရိယာ
သို့ modem မှ ပုံမှန်လုပ်ဆောင်မှု လုပ်ကိုင်နိုင်စွမ်းမရှိခြင်းကို အသုံးပြုသူမှ ယင်းချို့ယွင်းမှုကို သိရှိပြီး ဖြစ်ခြင်း သို့
ယင်းအကြောင်းကို အသုံးပြုသူမှ Transaction မပြုလုပ်မီ ကမ္ဘောဇဘဏ်မှ ကြိုတင် အကြောင်းကြားထားခြင်း၊
၈၊၃။ အသုံးပြုသူမှ Transactionအား မှန်ကန်စွာ အစမပြုခြင်း သို့မဟုတ် အသုံးပြုသူမှ
တိုက်ရိုက်ပေးချေလိုသော ငွေလက်ခံမည့်သူများ၏ အမည်မှန်နှင့် Account အချက်အလက်များကို ကမ္ဘောဇဘဏ်ထံ
အသိမပေးခြင်း၊
၈၊၄။ ကမ္ဘောဇဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြေအနေများ(မီးလောင်မှု၊ လျှစ်စစ်ဓါတ်အား
ပျက်တောက်မှု၊ စက် သို့မဟုတ် နည်းပညာဆိုင်ရာ ချို့ယွင်းမှုနှင့် အခြားသော ပြင်ပသက်ရောက်မှုများ)မှ
Transaction လုပ်ကိုင်နိုင်စွမ်း မရှိအောင် တားဆီးကန့်သတ်နေခြင်း၊
၈၊၅။ ကမ္ဘောဇဘဏ်မှ လုပ်ဆောင်နိုင်စွမ်း မရှိသော အခွန်ဆောင်ခြင်း သို့ တရားရုံးမှ အမိန့်ချထားသော
ငွေပေးချေမှုများကို အသုံးပြုသူမှ ကမ္ဘောဇဘဏ်အား လုပ်ဆောင်ပေးရန် ခိုင်းစေခြင်း၊

၈၊၆။ ငွေများသည် တရားဆိုင်ရာလုပ်ငန်းစဉ် သို့မဟုတ် အခြားတားဆီးမှု သို့မဟုတ် ယင်းငွေပြောင်းမှုကို
ကန့်သတ်ထားသော အကြောင်းတစ်စုံတစ်ရာရှိနေခြင်း၊
၈၊၇။ အခြားတစ်ဖက်၏ အကျိုးအမြတ် ဆုံးရှုံးမှု၊ အချက်အလက် ဆုံးရှုံးမှု၊ အသုံးပြုရာတွင် ဆုံးရှုံးမှု၊
စရိတ်ကုန်ကျမှု၊ လုပ်ငန်းပိတ်ဆို့ဟန့်တားခံရမှု သို့မဟုတ် အခြားမတော်တဆမှုများကို တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်မှု၊ အပြစ်ပေးခံရမှု သို့မဟုတ် ဆုံးရှုံးနစ်နာသည့် အကျိုးသက်ရောက်မှုများအတွက်
ကမေ္ဘာဇဘဏ်တွင် တာဝန်မရှိပါ။ သို့ရာတွင် ပါတီတစ်ဖက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ဆုံးရှုံးနစ်နာအောင် ပြုလုပ်ခြင်း
သို့မဟုတ် ပေါ့ဆမှု သို့မဟုတ် လိုအပ်ချက်သော ဂရုစိုက်မှု နှင့် ကျွမ်းကျင်မှု မရှိတို့ကြောင့်ဖြစ်ပေါ်လာသော
ဆုံးရှုံးမှုများမှလွဲ၍ ဤစည်းမျဉ်းစည်ကမ်း သတ်မှတ်ချက်များ၏ မည်သည့် စည်းကမ်းချက်ကိုမဆို
လိုက်နာဆောင်ရွက်၍သော်လည်းကောင်း သို့မဟုတ် ဆက်စပ်မှုအရသော်လည်းကောင်း ဖြစ်ပေါ်လာသော
တာဝန်ရှိမှုအတွက်သာလျှင် ကမ္ဘောဇဘဏ်အနေဖြင့် တာဝန်ရှိမည်ဖြစ်သည်။
၉။ နုတ်ယူပိုင်ခွင့်
အသုံးပြုသူ၏ငွေစာရင်းထဲသို့ အခြားလူပုဂ္ဂိုလထ်ထံမှဖြစ်စေ၊ ကမ္ဘောဇဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်
အကြောင်းပြချက်ကြောင့်ဖြစ်စေ မှားယွင်းလွှဲပြောင်းမိသောကြောင့် အသုံးပြု၏ငွေစာရင်းတွင် မိမိပိုင်မဟုတ်သော
ပိုနေသော ငွေများကို ပြန်ပေးရန် တာဝန်ရှိပါသည်။ ယင်းပိုငွေများသည် အသုံးပြုသူ၏ ဥပဒေနှင့်အညီရပိုင်ခွင့်ရှိသည့်
ငွေများမဟုတ်သည့် အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေးချက်မှပေးပို့ခြင်းမရှိဘဲ သို့မဟုတ်
လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ် ဖြင့် နုတ်ယူနိုင်သည်။

၁၀။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်
စာရွက်စာတမ်း၊ ကမ္ဘောဇဘဏ်၏ဝဘ်ဆိုက်နှင့် KBZPay Application အားလုံးတွင်
အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်း ပုံစံအဖြစ် ဖြင့်ဖြစ်စေ ပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊
စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ်တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏မူပိုင်ဖြစ်သည်။ အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကမ္ဘောဇဘဏ်မှ
စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။

အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ
မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ သို့မဟုတ်
အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။
၁၁။ ဖျက်သိမ်းခြင်း
ကမ္ဘောဇဘဏ်အနေဖြင့် ဤစည်းမျဉ်း သတ်မှတ်ချက်များအရ သင့်အပေါ်တွင် ရှိသော တာဝန်ဝတ္တရားများအား
ထိခိုက်စေခြင်း မရှိပဲ ဝန်ဆောင်မှုအား အကြောင်းပြချက် ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ အချိန်မရွေး ဆိုင်းငံ့ခြင်း
သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်သည်။ အသုံးပြုသူမှ ဤစည်းမျဉ်း သတ်မှတ်ချက် သို့မဟုတ် ကမ္ဘောဇဘဏ်နှင့်
ပြုလုပ်ထားသော အခြား မည်သည့် သဘောတူညီချက်ကိုမဆို ဖောက်ဖျက်ခြင်း၊ အသုံးပြုသူ၏ Account သို့မဟုတ်
ဤဝန်ဆောင်မှုအား အခွင့်မရှိ အသုံးပြုခြင်း၊ သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော အသုံးပြုခြင်းများပြုလုပ်နေသည်
သို့မဟုတ် ပြုလုပ်ခံခဲ့ရသည်ဟု ယုံကြည်ရလောက်သည့် အကြောင်းပြချက် တစ်ခုခုရှိနေခြင်း သို့မဟုတ်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရသော်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ၏
ညွှန်ကြားချက်အရသော်လည်းကောင်း သို့မဟုတ် အသုံးပြုသူ၏ Account တွင် အငြင်းပွားဖွယ်ရာ
ငွေကြေးများရှိနေခြင်းတို့ အတွက် ကမ္ဘောဇဘဏ် အနေဖြင့် ဤလုပ်ရပ်ကို ချက်ချင်းပြုလုပ်နိုင်သည်။ ကမ္ဘောဇဘဏ်
လီမိတက်အနေဖြင့် အသုံးပြုသူ၏ ဘဏ်စာရင်းများအား စိစစ်၍ ကမ္ဘောဇဘဏ်လီမိတက်မှ ရရန်ရှိသည့်
ငွေပမာဏအား အသုံးပြုသူ၏ မည်သည့် ဘဏ်စာရင်းမှမဆို နှုတ်ယူခွင့်ရှိပါသည်။

၁၂။ စာရင်းသေစာရင်းဆိုင်ရာမူဝါဒ
၁၂၊၁။ အသုံးပြုသူသည် နှစ်ဆယ့်လေး (၂၄) လနှင့်အထက် ကာလအတွင်း
မည်သည့်ငွေသွင်း/ငွေထုတ်ခြင်းကိုမျှ မပြုလုပ်သောကြောင့် စာရင်းသေဖြစ်နေသော အသုံးပြုသူများ၏ KBZPay
Account များကို ငွေအဝင်အထွက်လုပ်ဆောင်မှုရှိသည့်စာရင်းမှ စာရင်းသေစာရင်းအဖြစ်သို့
ပြောင်းလဲသွားမည်ဖြစ်ပြီး အသုံးပြုသူသည် ၎င်း၏ KBZPay Account အား အသုံးပြု၍ရနိုင်တော့မည်မဟုတ်ပါ။
ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် အနည်းဆုံးလက်ကျန်ငွေ “၀” ဖြစ်နေသည့် သို့မဟုတ်
အနည်းဆုံးလက်ကျန်ငွေ ၅၀၀ကျပ်နှင့်အောက်လျော့နည်းနေသည့် အသုံးပြုသူ၏ စာရင်းသေစာရင်းများအား
ကမ္ဘောဇဘဏ်၏ တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းတို့အား
အသုံးပြုသူအား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်ပိုင်ခွင့်ရှိသွားမည်ဖြစ်သည်။

၁၂၊၂။ အကယ်၍ အသုံးပြုသူသည် KBZPay အဆင့် ၁ အသုံးပြုသူဖြစ်ပြီး ၎င်း၏ KBZPay Account သည်
လက်ကျန်ငွေ ၅၀၀ကျပ်ထက်ပိုသော နှစ်ဆယ့်လေး(၂၄) လတာ ကာလအထိ စာရင်းသေဖြစ်နေသည့်စာရင်းတစ်ခု
ဖြစ်ပါက ကမ္ဘောဇဘဏ်သည် ထိုစာရင်းသေစာရင်းအားထိန်းသိမ်းခအဖြစ် တစ်လလျှင် ၅၀၀ ကျပ်နှုန်းဖြင့်
စာရင်းသေဖြစ်နေသည့် ကာလတစ်လျှောက်လုံးတွင် လစဉ်ကောက်ခံသွားမည်ဖြစ်ပြီး ထိုစာရင်းသေစာရင်းမှ
နုတ်ယူဖြတ်တောက်သွားမည်ဖြစ်သည်။ အကယ်၍ စာရင်းသေစာရင်းပိုင်ရှင် KBZPay အဆင့် ၁ အသုံးပြုသူ
အနေဖြင့် ၎င်း၏စာရင်းသေစာရင်းအ‌ပေါ်ကောက်ခံသည့် ဝန်ဆောင်ခ ဖြတ်တောက်ခြင်းအား သဘောမတူပါက
KBZPay အဆင့် ၁ အသုံးပြုသူအနေဖြင့် KBZPay အဆင့် ၁.၅ သို့မဟုတ် အဆင့် ၂ အသုံးပြုသူအဖြစ်သို့
အဆင့်မြှင့်တင်နိုင်ပါသည်။ အသုံးပြုသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်အဆင့်မြှင့်တင်ရန်
အခက်အခဲတစ်စုံတစ်ရာရှိပါက အသုံးပြုသူသည် ၎င်းနှင့်နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ သို့မဟုတ် KBZPay
စင်တာများသို့ သွားရောက်၍ လိုအပ်သော KYC (Know Your Customer)
အချက်အလက်များအားဖြည့်ဆည်းပေးခြင်းဖြင့် အဆင့်မြှင့်တင်နိုင်ပါသည်။ အသုံးပြုသူ၏ စာရင်းသေစာရင်းအား
ပိတ်သိမ်းခြင်းမပြုမှီအချိန်အထိ ကမ္ဘောဇဘဏ်သည် KBZPay အဆင့် ၁အသုံးပြုသူများအား
အဆင့်မြှင့်တင်ခွင့်ပြုမည်ဖြစ်သည်။
၁၂၊၃။ KBZPay အဆင့် ၁.၅ နှင့် အဆင့်၂ အသုံးပြုသူတို့သည် ၎င်းတို့၏ စာရင်းသေစာရင်းများကို
ပြန်လည်အသုံးပြုလိုပါက နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲများ သို့မဟုတ် KBZPay စင်တာများသို့ သွားရောက်၍
တောင်းဆိုချက်ပြုလုပ်ရမည်ဖြစ်ပြီး ကမ္ဘောဇဘဏ်မှ လိုအပ်သော KYC (Know Your Customer) ၏
အချက်အလက်များအားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ အသုံးပြုသူ၏ စာရင်းသေစာရင်းအား
ပိတ်သိမ်းခြင်းမပြုမှီအချိန်အထိ ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏စာရင်းသေစာရင်း ပြန်လည်
အသက်သွင်းခွင့်ပြုမည်ဖြစ်သည်။

၁၃။ ကိုယ်ရေးအချက်အလက်များ
၁၃၊၁။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူမှ KBZPay Accountအတွက် စာရင်းသွင်းခြင်းဆောင်ရွက်သည့်အခါ၊
ငွေကြေးလွှဲပြောင်းမှုများအတွက် KBZPay Account အသုံးပြုခြင်း သို့မဟုတ် KBZPay ဝန်ဆောင်မှုများအတွက်
အသုံးပြုသူထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းအသုံးပြုပါသည်။ ကမ္ဘောဇဘဏ်မှ
စုဆောင်းရရှိထားသော အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်တွင် မှတ်ပုံတင်ခြင်းဆိုင်ရာ

အချက်အလက်များ၊ အသုံးပြုသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အမျိုးသား မှတ်ပုံတင်ကတ်
(NRC) သို့မဟုတ် သက်တမ်းရှိ နိုင်ငံကူးလက်မှတ် အချက်အလက်နှင့် ဓာတ်ပုံများ၊ Biometric အချက်အလက်များ၊
အီးမေးလ်လိပ်စာနှင့် အခြား ဆက်သွယ်ရန်အချက်အလက်များ သို့မဟုတ် KBZPay Application ကို အသုံးပြုခြင်းနှင့်
စပ်လျဉ်းသည့် အသုံးပြုသူ၏ အခြားနှင့် အခြားသောအတည်ပြုစစ်ဆေးနိုင်သော အချက်အလက်များ
(ဤနေရာမှစ၍ “ကိုယ်ရေးအချက်အလက်များ”အဖြစ် ရည်ညွှန်းမည်ဖြစ်သည်) ကိုသာဆိုလိုခြင်းဖြစ်ပြီး public
domain တွင် လွတ်လွတ်လပ်လပ် ရရှိနိုင်သော သို့မဟုတ် ဝင်ရောက်နိုင်သည့်
အသုံးပြုသူ၏မည်သည့်အချက်အလက်ကိုမဆို ထိခိုက်လွယ်သော ကိုယ်ရေးအချက်အလက်များ သို့မဟုတ်
သတင်းအချက်အလက်များအဖြစ် မှတ်ယူမည်မဟုတ်ပါ။ ကမ္ဘောဇဘဏ်သည်
အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များသည် အသုံးပြုသူအတွက် အရေးကြီးကြောင်း
နားလည်သဘောပေါက်ပြီး ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များတွင်
အသုံးပြုသူ၏ယုံကြည်မှုကို တန်ဖိုးထားသောကြောင့် ကမ္ဘောဇဘဏ်အနေဖြင့်
အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များအား လက်ခံနိုင်သော နည်းလမ်းများကို အသုံးပြုဲ၍
ကာကွယ်သွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် အသုံးပြုသူထံမှ စုဆောင်းရရှိထားသော အချက်အလက်များကို
အောက်တွင်ဖော်ပြထားသကဲ့သို့သော တရား၀င်ရည်ရွယ်ချက်များအတွက် အသုံးပြုမည်ဖြစ်သည်။
၁၃၊၁၊၁။ Application နှင့် Transactionများအား ဆောင်ရွက်ပေးခြင်း၊
၁၃၊၁၊၂။ အသုံးပြုသူ၏ အချက်အလက်များကို စစ်ဆေးအတည်ပြုခြင်း (အသုံးပြုသူသည် ၎င်း၏ Account
အချက်အလက်ကို ဝင်ရောက်သည့်အခါကဲ့သို့သော)၊
၁၃၊၁၊၃။ လိမ်လည်မှုကို ကာကွယ်ခြင်းနှင့် အသုံးပြုသူ၏ Account သို့မဟုတ် ဝန်ဆောင်မှုများ၏ လုံခြုံရေးကို
မြှင့်တင်ခြင်း၊
၁၃၊၁၊၄။ အသုံးပြုသူ၏ တောင်းဆိုချက်များကို တုံ့ပြန်ခြင်းနှင့် အသုံးပြုသူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊
၁၃၊၁၊၅။ တည်ဆဲဥပဒေအား လိုက်နာဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာစက်မှုလုပ်ငန်းစံနှုန်းများ၊
စာချုပ်ဆိုင်ရာတာဝန်ဝတ္တရားများနှင့် ကမ္ဘောဇဘဏ်၏မူဝါဒများကို လိုက်နာဆောင်ရွက်ခြင်း၊
၁၃၊၂။ ကမ္ဘောဇဘဏ်သည် ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ပါက
သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များကို (အသုံးပြုသူသည် အသုံးပြုသူအနေဖြင့်မဟုတ်တော့သည့်နောက်
အပါအဝင်)အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည်။ ကမ္ဘောဇဘဏ်သည်

အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်း၊
ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရန် လုံခြုံရေးအစီအမံများနှင့် နည်းပညာအမျိုးမျိုးကို
အသုံးပြုသွားမည်ဖြစ်သည်။

၁၃၊၃။ ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ပေးအပ်နေသော
ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ၊ Biometric အချက်အလက်များနှင့်
ငွေစာရင်းဆိုင်ရာအချက်အလက်များအား အခြားပါတီဝင်များ (ပြင်ပမှဝန်ဆောင်မှုပေးသူများ သို့မဟုတ်
အေးဂျင့်များ) ထံသို့ဖြစ်စေ သို့မဟုတ် ဤဝန်ဆောင်မှုအား အသုံးပြုရန်အတွက် အသုံးပြုသူမှ Application
ထဲတွင်ဖော်ပြထားသော အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များအား ကမ္ဘောဇဘဏ်၏လုပ်ငန်းခွဲများ၊
ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ခရက်ဒစ်ဗျူရို၊ ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ
အဖွဲ့အစည်းများထံသို့ လိုအပ်ပါက မျှဝေခြင်းနှင့် ထုတ်ဖော်ပြောဆိုခြင်းတို့ပြုနိုင်ကြောင်းကို အသုံးပြုသူက
သဘောတူပြီး ထိုသို့ဆောင်ရွက်ပိုင်ခွင့်ကို ကမ္ဘောဇဘဏ်သို့ အပ်နှင်းထားပါသည်။
၁၃၊၄။ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်သော ဤအပိုဒ် ၁၃ သည် စည်းမျဉ်းစည်းကမ်းများ၏
တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အပြောင်းအလဲရှိနိုင်ပြီး ဤအပိုဒ် ၁၃ ၏ ပြောင်းလဲမှုမှန်သမျှသည် အသုံးပြုသူမှ
ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များကို သဘောတူသည်နှင့် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။
၁၄။ လုံခြုံရေး
ကမ္ဘောဇဘဏ်သည် အသုံးပြုသူ၏ Account နှင့် ကိုယ်စားလှယ် ဘဏ်လုပ်ငန်း အသုံးပြုခြင်းနှင့် သက်ဆိုင်သော
လုံခြုံရေးနှင့် လျှို့ဝှက်သတင်းအချက်အလက်များကို ကာကွယ်ရန် တာဝန်ယူပါသည်။ ကမ္ဘောဇဘဏ်သည်
ကိုယ်စားလှယ်ဘဏ်လုပ်ငန်း စနစ်အတွင်းရှိ ပုဂ္ဂိုလ်ရေး အချက်အလက်ဟူသမျှကို လုံခြုံမှုရှိစေရန် လျော်ကန်၍
လိုအပ်သော ကာကွယ်မှုများကို ပြုလုပ်ထားပြီး ဖြစ်သည်။ သို့သော် ပေးထားခဲ့ဖူးသည့် အများသိရှိပြီး ဖြစ်သော
ပုဂ္ဂိုလ်ရေးအချက်အလက်များကို အခြားသူများမှ ကြားဖြတ်ရယူခြင်း၊ ဝှက်စာဖောက်ဖျက်ခြင်း သို့
ဖောက်ဖျက်ကျူးလွန်ခြင်းများအတွက် အာမခံနိုင်ခြင်း မရှိပါ။ ကမ္ဘောဇဘဏ် အနေဖြင့် ယင်း၏ ထိန်းချုပ်မှု
အောက်တွင် မရှိသော အကြောင်းပြချက်များကြောင့် ဖြစ်ပေါ်သည့် လုံခြုံရေး ဖောက်ဖျက်မှုများ အတွက်
တာဝန်ဝတ္တရား မရှိပါ။

၁၅။ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

၁၅၊၁။ ဥပဒေအရ ခွင့်ပြုထားသည့် အတိုင်းအတာအထိ၊ ကမ္ဘောဇဘဏ်သည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍
အတိအလင်းဖြစ်စေ သို့မဟုတ် သွယ်ဝိုက်သောအားဖြင့်ဖြစ်စေ၊ ဥပဒေအရဖြစ်စေ သို့မဟုတ်
အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ၊ ဤတွင်ဖော်ပြထားသည့်အချက်များသာ ပါဝင်သည်ဟု
ကန့်သတ်ထားခြင်းမရှိဘဲ သွယ်ဝိုက်သောနည်းဖြင့် ကုန်သည်အာမခံခြင်း သို့မဟုတ်
မည်သည့်ရည်ရွယ်ချက်အတွက်မဆို ကမ္ဘောဇဘဏ်သည် မည်သည့် ကိုယ်စားပြုခြင်း၊ အာမခံခြင်းနှင့်
သတ်မှတ်ချက်မျိုးကိုမဆို ကမ္ဘောဇဘဏ်မှ ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်းတို့မရှိပါ။
၁၅၊၂။ ဤဝန်ဆောင်မှုကို အသုံးပြု၍ ဖြစ်ပေါ်လာသော အတည်ပြုပြီးသည့် Transaction များနှင့် ယင်း
Transaction များ နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသော ဆုံးရှုံးမှု ကုန်ကျမှုသို့
ထိခိုက်ပျက်စီးမှုများအတွက်သော်လည်းကောင်း သို့မဟုတ် မည်သည့်အရေးယူမှု၊ တရားစွဲမှု၊
အရေးယူစွဲဆိုမှုများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် တာဝန်ရှိမည်မဟုတ်ကြောင်း အသုံးပြုသူကအာမခံပါသည်။
၁၆။ အာမခံခြင်း
ဤဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့်
မည်သည့်ရည်ရွယ်ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို အသုံးပြုသူမှ အာမခံသည်ဖြစ်သည်။
ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့်
ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် အသုံးပြုသူမှ သဘောတူသည်ဖြစ်သည်။

၁၇။ လွှဲပြောင်းခြင်း နှင့် ဆက်ခံသူများ
ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ အသုံးပြုသူသည် မိမိ၏ အခွင့်အရေးများ သို့မဟုတ်
တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးအပ်ခြင်း သို့မဟုတ်
လွှဲပြောင်းခြင်းတို့အား ကမ္ဘောဇဘဏ်၏ စာဖြင့် ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ဆောင်ရွက်ခြင်း
မပြုရပါ။ ကမ္ဘောဇဘဏ်သည် ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို မိမိ၏
အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ ကို ကမ္ဘောဇဘဏ်၏ မည်သည့် တာဝန်ပေးအပ်ခြင်း ခံရသူသို့ဖြစ်စေ
သို့မဟုတ် မည်သည့် ဆက်ခံသူသို့ဖြစ်စေ လွှဲပြောင်းခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်းတို့
ပြုလုပ်ခွင့်ရှိမည်ဖြစ်သည်။

၁၈။ ပြင်ဆင်ခြင်း
ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို
မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှ
ပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊
အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို အသုံးပြုသူက
သိရှိသဘောတူပါသည်။ ဝဘ်ဆိုက် သို့မဟုတ် KBZPay Applicationတွင် ဖော်ပြပေးထားမည့်
ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် အသုံးပြုသူတွင်
တာဝန်အပြည့်အဝရှိပါသည်။
၁၉။ စွန့်လွှတ်ခြင်း
ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို
အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်ရန် မည်သည့်ဖက်ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို
ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက် တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင်
လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။

၂၀။ ဆက်လက်အသက်ဝင်ခြင်း
ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့် မတူဘဲ
သီးခြားသက်ဝင်မှုရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊
ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက
ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ်
ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။
၂၁။ သက်ဆိုင်မှုမရှိခြင်း
ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဌာန်းချက်မဆိုကြောင့်
ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များကို သဘောတူထားသည့် အသုံးပြုသူနှင့် ကမ္ဘောဇဘဏ်တို့သည်
အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သူ၊ ဖက်စပ်သို့မဟုတ် ကိုယ်စားဆောင်ရွက်ပေးသူ ကုန်သည်ဆက်ဆံရေးမျိုးကို ဖန်တီးသည်ဟု အဓိပ္ပာယ် ကောက်ယူခြင်းမရှိစေရ။ အသုံးပြုသူနှင့်
ကမ္ဘောဇဘဏ်တို့သည် သီးခြားလွတ်လပ်သောသူများဖြစ်ပြီး မည်သည့်ဖက်ကမဆို အခြားတစ်ဖက်၏
လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်း များအတွက်တာဝန်မရှိစေရ။
၂၂။ လွှမ်းမိုးသောဥပဒေ
ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက
လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ်
ဤစည်းမျဉ်းစည်းကမ်းများအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည်
မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။
၂၃။ ဘာသာစကား
ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး
နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့်
မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်
ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူရမည် ဖြစ်သည်။

၂၄။ ဆက်သွယ်ရန် အချက်အလက်များ
Call Center : +95 9969963211
Support Email : [email protected]
Website : www.kbzbank.com
Facebook : https://www.facebook.com/KBZPay/